Frozen Bento ထမင်းဘူး

Frozen Bento ထမင်းဘူး

Snow_Bento16

Bento ဆိုတာ တစ်ယောက်စာပြင်ဆင်ပေးထားတဲ့ ထမင်းဘူး (သို့) အိမ်မှာ ကိုယ်တိုင် လုပ်ပေးထားတဲ့ စပယ်ရှယ် ထမင်းဘူးလေးတွေပါ။ ဂျပန်ကာတွန်း၊ မန်ဂျာ၊ ဂိမ်းထဲမှ ဇာတ်ကောင်တွေနဲ့ အလှဆင်ထားတဲ့ bento ကိုတော့ Kyaraben လို့ခေါ်ပါတယ်။ အဓိက ကလေးငယ်တွေ အစားအသောက် အပေါ်ပိုမို စားချင်စဖွယ် ဖြစ်လာအောင်၊ စိတ်ဝင်စားလာအောင် မိဘတွေက အထူးစီမံ လုပ်ပေးထားတဲ့ ထမင်းဘူးလေးတွေပါ။

ဒီတစ်ခါတော့ သားသားမီးမီးတို့အကြိုက် Frozen ကာတွန်းကားထဲမှ Olaf နှင်းရုပ်လေးပုံဖော်ထားတဲ့ Bento ထမင်းဘူးပါ။ ထမင်းဘူးထဲမှာ ကြက်ဥလိပ်၊ ၀က်သားအကြွပ်ကြော်၊ ကြက်အူချောင်း၊ ပန်းဂေါ်ဖီစိမ်း၊ မုန်လာဥနီ၊ ပြောင်းဖူး၊ ကြက်ဥ တို့အဟာရပြည့်ဝအောင် အစုံအလင် ထည့်ထားပါတယ်။ စားချင်စဖွယ်ကောင်းတဲ့ ထမင်းဘူးလေးကို တူတူပြင်ဆင်ကြည့်ရအောင်..

ထမင်းဘူးတွင် တခြားပါဝင်ပစ္စည်းများ

  • ကြက်အူချောင်း (ကြက်အူချောင်းကို ၁လက်မအရွယ်များ ပိုင်းဖြတ်ပါ)
  • မုန်လာဥနီ (အ၀ိုင်းပါးပါးလှီး၊ ပြုတ်ထားပေးပါ)
  • ပန်းဂေါ်ဖီစိမ်း (အတုံးသေးတုံး၊ ပြုတ်ထားပေးပါ)
  • ပြောင်းဖူး (နူအောင် ပြုတ်ထားပါ)
  • ကြက်ဥ (ကျက်အောင် ပြုတ်ထားပေးပါ)
  • စပျစ်သီး (အလှဆင်ရန်)

ပြင်ဆင်နည်း

၁။ အရင်ဆုံး ကြက်အူချောင်းကို ဓားဖြင့် ၄ပိုင်းလှီးပေးပါ၊ အောက်ခြေထိ မလှီးရပါ။

၂။ ပြီလျှင် ဒယ်ထဲ ဆီထည့်ပြီ ကြက်အူချောင်းကျက်သည်အထိ ကြော်ပေးပါ။

၃။ ထို့နောက် ပြုတ်ထားသော မုန်လာဥနီ၊ ဂေါ်ဖီစိမ်းများကို ဆား၊ ငရုတ်ကောင်းမှုန့် အနည်းငယ် ဖြူးထားပေးပါ။

၎။ ပြုတ်ထားတဲ့ ကြက်ဥကို ၄စိပ်စိပ်ပေးပါ။

ကြက်ဥလိပ်တွင် ပါဝင်ပစ္စည်းများ

  • ကြက်ဥ – ၃လုံး
  • ပဲငံပြာရည် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • သကြား – စားပွဲတင်ဇွန်း ၂ဇွန်း

ကြက်ဥလိပ် ပြုလုပ်နည်း

၁။ အရင်ဆုံး ခွက်တစ်ခုထဲတွင် ကြက်ဥ ၃လုံးကို ဖောက်ထည့်လိုက်ပါ။ ပြီမှ ပဲငံပြာရည်၊ သကြား၊ တို့ကို ထည့်ပြီ တူဖြင့် သကြား အရည်ပျော်အောင် ရောမွှေပေးပါ။

Snow_Bento

၂။ ထို့နောက် ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း တ၀က်) ကို ထည့်ပြီ ဆီပူလာလျှင် မွှေထားသော ကြက်ဥ (ယောက်ချို ၁ဇွန်း)စာ ထည့်လိုက်ပါ။

Snow_Bento1

၃။ ကြက်ဥ ကျက်သည်အထိ မီးနည်းနည်းဖြင့် တည်ထားပါ။ ကြက်ဥ ကျက်လျှင် တူဖြင့် အသာအယာ ခေါက်ပြီ ဘေးသို့ လိမ့်လိုက်ပါ။

၎။ ထို့နောက် ဒယ်ထဲ ဆီ(လက်ဖက်ရည်ဇွန်း ၁ဇွန်း) ထည့်ပြီ ကြက်ဥ(ယောက်ချိုဇွန်း ၁ဇွန်း) ထပ်ထည့်ပါ။ ခုနက ဘေးဖယ်ထားသော ကြက်ဥအောက်သို့ ကြက်ဥအရည်များ စိမ့်ဝင်ရန် တူဖြင့် ပုံတွင် ပါသည့်အတိုင်း ပြုလုပ်ပါ။

Snow_Bento2

၅။ ကြက်ဥ ကျက်လျှင် ပုံတွင် ပါသည့်အတိုင်း ကြက်ဥကို တူဖြင့် ဖြည်းဖြည်းခြင်း လိမ့်သွားပေးပါ။

Snow_Bento3

၆။ ထိုနည်းအတိုင်း ခွက်ထဲမှ ကြက်ဥများ ကုန်သည်အထိ ကြော်ပြီ လိမ့်ပေးပါ။ တဖြည်းဖြည်း ကြက်ဥ စတုဂံလိပ် ထူလာပါမည်။

ရ။ ကြက်ဥလိပ် ရပြီဆိုလျှင် မညီတဲ့ ဘေးအစွန်း နှစ်ဖက်ကို ဓားဖြင့် ပိုင်းဖြတ်ပြီ ကျန်တဲ့ ကြက်ဥပန်ကိတ်ကို ၈ပိုင်းပိုင်းပေးပါ။

Snow_Bento4

ဝက်သားအကြွပ်ကြော်တွင် ပါဝင်ပစ္စည်းများ

  • ၀က်သား – ၂၀၀ ဂရမ် (အချောင်းရှည်လေးများ လှီးပေးပါ)
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်
  • ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
  • ကြက်ဥ – ၁လုံး (ခလောက်ထားပါ)
  • ပါမုန့်ခြောက် – ၁ခွက်စာ
  • ဂျုံမှုန့် – ၁ခွက်စာ

ချက်ပြုတ်နည်း

၁။ အရင်ဆုံး ဇောက်ခွက်တစ်ခုထဲတွင် (၀က်သား၊ ဆား၊ ငရုတ်ကောင်းမှုန့်) တို့ကို သမအောင် ရောနုယ်ပေးပါ။

Snow_Bento5

၂။ ပြီနောက် ၀က်သားကို ဂျုံမှုန့်ကပ်ပေးပြီ ကြက်ဥစိမ်ထားသော ခွက်ထဲသို့ တူလေးဖြင့် စိမ်ပေးပါ။

၃။ ကြက်ဥစိမ်ထားသော ခွက်ထဲမှ ပါမုန့်ခြောက်ထည့်ထားသော ပန်းကန်ထဲသို့ ထည့်ကာ ၀က်သားချောင်းများကို ပါမုန့်ခြောက် ထပ်ကပ်ပေးပါ။

၎။ ပြီလျှင် ဒယ်ထဲ ဆီများများထည့်ပြီ ပါမုန့်ခြောက်ကပ်ထားတဲ့ ၀က်သားများကို အညှိရောင်သန်းသည်အထိ ကြော်ပေးပါ။ ပြီလျှင် ပန်းကန်တစ်ခုထဲသို့ ပြန်ဆယ်ထားပေးပါ။

Snow_Bento6

Snow man တွင်ပါဝင်ပစ္စည်းများ

  • ချက်ပြီသား ထမင်းဘူး – ၂ခွက်စာ
  • ချိစ် – ၁ပြား
  • မုန်လာဥနီ – တစိတ်
  • ရေညိုရွက် – ၁ရွက်
  • ပလတ်စတစ်အကြည်

Snow man ပြုလုပ်နည်း

၁။ အရင်ဆုံး ထမင်းကို ၂ပိုင်းခွဲပြီ တ၀က်ကို ပလတ်စတစ် အကြည်ထဲထည့်ပြီ snow man ခေါင်းပြုလုပ်ပါ။

၂။ ကျန် ထမင်းတ၀က်ရဲ့ ၃ပုံ ၂ပုံကို ပတ်စတစ် အကြည်ထဲထည့်၊ ဗိုက်အလယ်သား အတုံးလေး ပြုလုပ်ပါ။ ကျန်ထမင်းကိုလည်း အတုံးသေး ပြုလုပ်ပါ။

Snow_Bento7

၃။ ချိစ်ကို မျက်လုံးအတွက် (အ၀ိုင်းပုံ)၊ သွားအတွက် (လေးထောင်းပုံ) လေးများ ဖြတ်ပေးပါ။

၎။ ရေညိုရွက်ကို မျက်လုံး၊ ပါးစပ်၊ မျက်ခုံး၊ လက်၊ ကြက်သီး ပုံစံများ ပိုင်းဖြတ်ပေးပါ။

၅။ မုန်လာဥနီကို နှာခေါင်းအတွက် အတုံးသေးများ တုံးပေးပါ။

၆။ ပုံတွင် ပါသည့်အတိုင်း snow man ကို အဆင့်ဆင့် ပုံဖော်ပေးပါ။

Snow_Bento8

ရ။ Snow Man ပုံထမင်း အလှဆင်ပြီပြီဆိုလျှင် ဘယ်ဘက်ခြမ်းတွင် (ပန်းဂေါ်ဖီစိမ်း၊ ကြက်ဥချောင်းကြော်၊ ကြက်ဥလိပ်၊ ပြောင်းဖူး၊ မုန်လာဥနီ၊ ကြက်ဥ) တို့ကို အလှဆင်ပေးပါ။

Snow_Bento10

၈။ ညာဘက်ခြမ်းတွင် ဆလတ်ရွက်ခင်း၊ အပေါ်မှ ၀က်သားအကြွပ်ကြော်တင်ပေးပါ။

၉။ စားချင်စဖွယ်ကောင်းတဲ့ Frozen Bento ကို ရရှိပါပြီ…

Snow_Bento16

 

 

 

3 comments

  1. Sandar Lin says:

    တော်လိုက်တာ ညီမရေ။ သားသား အတွက် လုပကြည့်မယ်

  2. Zay Yar says:

    Bento လုပ်နည်းတွေထပ်တင်ပေးပါဦး

Leave a Reply

Your email address will not be published. Required fields are marked *