အရသာစုံ ပုဇွန်၊ နတ်နတ်သီး ဆလတ်သုပ်
လတ်ဆတ်တဲ့ နတ်နတ်သီး၊ သခွာမွှေး အရသာ နှင့် ပုဇွန်ရဲ့ ချိုစိမ့်တဲ့ အရသာတွေကို ပေါင်းစပ်ထားတာမို့ အရသာစုံပြီ ထူးခြား ကောင်းမွန်တဲ့ အသုပ်တစ်မျိုးပါ။ ထို့ပြင် သံလွင်ဆီကို အသုံးပြုထားတာမို့ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အသုပ်ဆိုလည်း မမှားပါဘူး။ လုပ်ရလည်း လွယ်တာမို့ ခုပဲ တူတူသုပ်ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
- ပုဇွန် – ၂၄၀ ဂရမ် (၁၅ကျပ်သား၊ အခွံနွှာပြီ ကျောခွဲချေးထုတ်ထားပါ)
- နတ်နတ်သီး – ၁ခွက်စာ (အတုံးလတ်များ တုံးထားပါ)
- သခွာမွှေးသီး – ၁ခွက် (အတုံးလတ်များ တုံးထားပါ)
- ခရမ်းချဉ်သီး – ၂လုံး (အစေ့ထုတ်ပြီ အတုံးသေးများ တုံးပါ)
- ကြက်သွန်ဖြူ – ၁မွှာ (နှုတ်နှုတ်စဉ်းပါ)
- ဆား – လက်ဖက်ရည်ဇွန်း တ၀က်
- ငရုတ်ကောင်းမှုန့် – အနည်းငယ်
- သံလွင်ဆီ – ခွက်တ၀က်
- ပင်စိမ်းရွက် – ၁၀ရွက်
ပြင်ဆင်နည်း
၁။ အရင်ဆုံး ပုဇွန်များကို ဆားဖြင့် ရောနုယ်ပေးပါ။ ပြီမှ ဒယ်ထဲ သံလွင်ဆီ(စားပွဲတင်ဇွန်း ၂ဇွန်း)ထည့် ဆီပူလျှင် ကြက်သွန်ဖြူ ဆီသပ်ပေးပါ။
၂။ ပြီနောက်မှ ပုဇွန်များထည့်ပြီ ကျက်သည်အထိ ၂မိနစ်ခန့် မီးအတင့်သင့်ဖြင့် ကြော်ပေးပြီ ပြန်ဆယ်ထားပါ။
၃။ ပြီနောက် ပုဇွန်ကြော်ထားသော ဒယ်ထဲ နတ်နတ်သီး၊ ခရမ်းချဉ်သီးများကိ ထည့်ပြီ ၁မိနစ်ခန့် ရောကြော်ပေးပါ။
သုပ်နည်း
၁။ ဇောက်ပန်းကန်လုံးထဲ (ပုဇွန်၊ နတ်နတ်သီး၊ ခရမ်းချဉ်သီး၊ သခွာမွှေး၊ ပင်စိမ်း၊ သံလွင်ဆီ(ခွက်တ၀က်)၊ ဆား(လက်ဖက်ရည်ဇွန်း တ၀က်)၊ ငရုတ်ကောင်းမှုန့် တို့ကို ထည့်ပြီ သမအောင် ရောမွှေလိုက်ပါ။
၂။ အရသာ ကောင်းမွန်သည့် ပုဇွန်၊ နတ်နတ်သီး ဆလတ်သုပ်ကို သုံးဆောင်နိုင်ပါပြီ…





ကျေးဇူးပါညီမရေ. နောက်စာအုပ်မှာလည်း ထည့်ပေးအုံးနော်. ညီမတင်သမျှ အားလုံးထည့်ပေးနော်. ချက်တဲ့ အခါ အလွယ်တကူ ဖတ်လို့ရတာ အဆင်ပြေလို့ပါ. မြန်မာပြည်မှာ မီးပျက်တာရယ် လိုင်းမကောင်းတာနဲ့ လိုချင်ရင်ရှာဖို့ ခက်တယ်ညီမရေ.
ဟုတ်ကဲ့ ထည့်ပေးပါ့မယ် sis Thanks ^_^
Please add to my gmail.thank a lot.
အစ်မရေသံလွင်ဆီမဟုတ်ပဲတခြားရိုးရိုးဆီကောသုံးလို့မရဘူးလားအစ်သိပါရစေနော်မလေးရှားမှာကရှားလို့ပါ။